Wednesday, February 15, 2012

= Vs ≠

ဘ၀ရဲ့ ပျံသန်းခြင်း ၀ါကျထဲမှာ
ငါ... စာလုံးပေါင်းတွေ မှားနေတယ်
ကတ္တားက မညီမျှတဲ့လောကထဲမှာ
ကြုံလာသမျှကို ငုံ့သာခံပေတော့တဲ့
ဒါပေမယ့် သေချာတာတစ်ခုကတော့
ငါ့ရဲ့ အသက်ရှုခြင်းဟာ
ရှင်သန်ခြင်းအတွက် သက်သက်တော့
မဟုတ်ဖူး
လောကဓံကိုတိုက်စစ်ဆင်တာလဲ
ငါသူရဲကောင်းတစ်ယောက်ဖြစ်ဖို့
မဟုတ်ဖူး
ယုံကြည်ချက်တစ်ခုအတွက်သာ
ကံတရားကို လက်ဆွဲနှုတ်ဆက်ခဲ့တာပါ.
ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာမှာ
ညီမျှခြင်း မညီမျှခြင်းဆိုတာ ငါ့ကို
မမွေးဖွားခင်ကတည်းက ရှိနေတာပါ....   

Sunday, February 21, 2010

Chess

လောကဓံရဲ့  လှိုင်းများကြား
နိမ့်တစ်ခါ မြင့်တစ်လှည့်
ရှုံးတစ်လှည့် နိုင်တစ်ခါ..
အကြိမ်များစွာ ကြုံဖူးပြီမို့
မိုက်မဲစွာနဲ့ ရင့်ကျက်လာခဲ့
အတ္တနဲ့ စိတ်ကြီးဝင်..
ဘ၀ စစ်တုရင်ပွဲအတွက်
စိတ်ကိုသေနာပတိလုပ်
တိုက်ပွဲအလီလီ နွှဲရင်း
အောင်လံလွှင့်မိတဲ့ ငါ့မာန..
လောကရဲ့  သခင် မာယာရှင်နဲ့ပြိုင်ခဲ့
ကလီကမာ အမူအရာပြောင်း
အေးစက်စက် လက်တစ်ချောင်းနဲ့
မြင်းတစ်ကောင်ရှေ့  အတက်
ခွချက်စ် တစ်ကွက်အမိခံခဲ့ရ
ဦးနှောက်တို့ပေါက်ကွဲ
မွမွကြဲတဲ့ ဖန်ကွဲစလို
နှလုံးသားရဲ့  ဘုရင်မစွန့်ခဲ့ရပေါ့...
ပြင်းထန်တဲ့ ထိုးစစ်
ငါနောက်ဆုတ်ရင်း သူစားရင်းနဲ့
ဘုရင်ကိုကယ်နိုင်ဖို့
ငါ့မှာ....
နယ်ရုပ်တို့ပဲ ကျန်တော့တယ်...

Honesty of Globalization

ပုံစံခွက်ထဲက စိတ်ကူး..
ကဗျာတစ်ပုဒ်လောက် အသုံးမ၀င်ဖူးတဲ့
ဟန်ဆောင် အပြုံးတုတွေ
အဆုပ်လိုက်အဆုပ်လိုက် ဖူးပွင့်ကြ
ရယ်သလိုလိုနဲ့ သွားဖြဲ မပြတတ်ခဲ့ဖူး
သကာလောင်းတဲ့ တစ်ခွန်းစ နှစ်ခွန်းစ
နားဝမှာ ခြင်လာပျံနေသလိုမျိုး
ခြွင်းချက်များနဲ့ ရိုးသာမှုတွေကြား
လူ့ယဉ်ကျေးမှုတွေ စာလုံးပေါင်းမှားနေတဲ့
ငါကပဲ အမြဲလွန်တယ်
လူမှန်သမျှ လူနဲ့တူအောင်
အတင်းအဓမ္မ လူယောင်ဆောင်ပြ
သဘောထားကြီးပြနေချိန်မှာ
ငါ.....
အစွယ်နှစ်ချောင်းကြားက အသားစကို
လျှာဖျားနဲ့ ကလော်ရင်း
အစွမ်းကုန် ရိုးသားပြလိုက်တယ်...

ရနံ့တို့၏ ဈာပန

ပန်းတစ်ပွင့်ဆီက
ရနံ့ကြွေတာကို အတိုင်းသားကြားခဲ့ဖူးတယ်..
ရင်ဘတ်ကိုမီးတင်ရှို့ မှုမှာ
ဘယ်မှော်ဆရာမှ မတားမြစ်နိုင်အောင်
လောင်ကျွမ်းမှုက လေထန်တယ်…
ရေဒါနဲ့ ဖမ်းကြည့်လို့ မရတဲ့ အကြည့်တွေက
သံယောဇဉ်တွေကို ထုတ်လုပ်ခဲ့သလား
ဝေဒနာ ကိုကြိုးတစ်ဆုံးလွှင့်တင်ရင်း
အတိတ်ကို ပြန်ထိကြည့်မိတော့
နာကျင်မှုက အကျင့်ပါနေခဲ့ပြီ
မစိမ်းစိုတော့တဲ့ ရှက်ပြုံးလေးတွေ
မချိုမြိန်တော့တဲ့ သနပ်ခါးရနံ့တွေ
မတွယ်တာစေတော့တဲ့ ဆံနွယ်ရှည်တွေ
အားလုံး…
တစ်စက်ချင်း တစ်စက်ချင်း… ကြွေ
ရနံ့တွေ အသံမမြည်တော့ဖူး

နှလုံးသား နိဂုံး

မကြာခင်ပြီးဆုံးတော့မယ့်…
ရုပ်ရှင်ကားတစ်ခုလို
အလွမ်းက ဇာတ်ရှိန်မြင့်ခဲ့ပြီ
အချစ်ဆိုတဲ့ ဝေါဟာရအဟောင်းထဲ
ဘောင်ခတ်ပြီး
အကျဉ်းချထားခံရသူက ငါပါ…
တဆစ်ဆစ်နာကျင်နေတဲ့ ဒီနှလုံးသား
ဘယ်အရေးပေါ်ကမှ လက်မခံခဲ့
အညှာမခိုင်တဲ့ ရော်ရွက်ဝါဆိုတာ
လေပြေလေညှင်းတိုက်ခတ်ရုံနဲ့
ကြွေပျက်ရသလိုမျိုး
“ဘယ်လိုမှ မဖြစ်နိုင်ဖူး”ဆိုတဲ့
နင့်ရဲ့  တိုးဖွဖွ စကားသံလေးမှာ
ငါ့မျှော်လင်ချက်အားလုံး
ကြေမွပျက်သုဉ်းခံရတော့မှာလား………

Saturday, February 20, 2010

Colorful Funeral

ငါ့ အဖြူရောင် ကင်းဘတ်စလေး
လောကကို
ပေစောင်းစောင်းကြည့်တတ်တဲ့
ပန်းချီဆရာရဲ့ လက်ထဲမှာ
အဖြူရောင်သစ္စာတွေ
အ၀ါရောင်သုတ်လိမ်းခံလိုက်ရတော့
ငါ့ကောက်ကြောင်းက
အစိမ်းရောင်ပြောင်းသွားတယ်..
ပန်းနုရောင်သင်္ကေတ တစ်ချို့
အတိတ်နံရံပေါ်က တဖြည်းဖြည်းကွာကျလို့
အနက်ရောင် နေ့စွဲတွေက
ရင်ဘတ်ကို ချင်းချင်းနီခဲ့စေပေါ့...
ခရမ်းလွန်ရောင် အနာဂါတ်ရှုခင်းကြိုးတန်းပေါ်
ယိုင်နဲ့နဲ့ ဆက်နင်းရင်း
ကြည်ပြာရောင်ချစ်ခြင်း နှလုံးသားလဲ
မည်းညစ်နေတဲ့ ကြိုးစင်ပေါ်က
ညိုညစ်ညစ် အမှတ်လေးရဲ့ နံဘေး
ကယ်မယ့်သူဝေးလို့
အဲ့ဒီ့နေ့
ငါ့ရဲ့ ဆေးရောင်စုံ ဈာပနကို
ပန်းချီဆရာရောက်မလာခဲ့ဖူး....

ရိုးသားမှု၏ ရလဒ်

ပျို့ အန်လာတဲ့
မနှစ်မျို့ ခြင်းတွေကို
ချိုမြိန်စွာ မျိုချပစ်နိုင်ဖို့အထိ
ဟန်ဆောင်မှုတွေ မကျွမ်းကျင်ခဲ့တာ
ငါ့အားနည်းချက်လား..

အရှိကိုအရှိအတိုင်း
ဖွင့်ပြောခဲ့တာလည်း
သာမန်လူစာရင်းထဲဝင်သွားတာပဲ
အဖတ်တင်တယ်..

သံပါတ်ပေးထားတဲ့ မျက်နှာတွေပေါ်က
အရယ်အပြုံးတွေ အသက်မ၀င်လှပေမယ့်
လှိုင်လှိုင်ကြီးဖူးပွင့်နေကြတယ်..

မသတီစရာကောင်းပေမယ့်
ဒါ ထွန်းကားတဲ့ ယဉ်ကျေးမှုပဲလေ..
မနက်ဖြန်တွေမှာ လိုက်လျောညီထွေဖြစ်ဖို့ဆိုရင်
ငါကိုယ်တိုင်
အရေခွံလဲမှ ဖြစ်တော့မယ်....